(Digital) Product တည်ဆောက်ကြသူတိုင်း ကိုယ့် Product ကို User Experience (UX) ကောင်းမွန်အောင် တည်ဆောက်လိုကြပါတယ် ။ ဒါပေမဲ့ “တကယ်တမ်း UX ကောင်းတယ် ဆိုတာ ဘာလဲ” ဆိုတာကိုတော့ ဂဃနဏ သိပ်နားမလည်ကြပါဘူး ။
ဒါကလဲ Product Owner အများစုက Business Owner တွေလည်း ဖြစ်ကြပြီး ကိုယ့် Product ရဲ့ Business ဘက်ခြမ်းကို ပိုပြီး အလေးသာတဲ့လူတွေ ဖြစ်နေကြတဲ့အတွက် ဒါကို နားလည်ပေးနိုင်စရာပါပဲ (နောက်ပြီး Product Owner အနေနဲ့ သီးသန့် တစ်ယောက်ယောက်ကို တာဝန်ပေးထားနိုင်တာမျိုး မရှိတာကလဲ အဓိကကျတဲ့ အချက်တစ်ခုပါ) ။
UX အပိုင်း အခြေခံနားလည်မှု အားနည်းတဲ့အတွက် အများစုက (Digital) Product တစ်ခု တည်ဆောက်မှု အပိုင်းမှာ
၁) ကိုယ့်စိတ်တိုင်းကျ ဘယ်လောက် ဖြစ်သလဲ
၂) အမြင်ဘယ်လောက် ကောင်းသလဲ (နံမည်ကျော် Product တွေနဲ့ ဘယ်လောက် နီးစပ်သလဲ)
၃) တစ်ခုခု လုပ်ချင်ရင် ဘယ်လောက် Step နည်းနည်းနဲ့ လုပ်လို့ရသလဲ
ဆိုတဲ့ အချက်တွေထဲက တစ်ခုခု သော်လည်းကောင်း အကုန်လုံးကို သော်လည်းကောင်း အသုံးပြုပြိး ချဥ်းကပ်ကြပါတယ် ။
ဒါဟာ ကိုယ်ရည်ရွယ်တဲ့ အသုံးပြုသူတွေအတွက် အမှန်တကယ် အသုံးဝင်တဲ့ (UX ကောင်းမွန်တဲ့) Product တစ်ခု ထွက်လာဖို့ လုံလောက်တဲ့ အာမခံချက် မရှိပါဘူး ။
ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ကို ဦးစားပေးခံရတဲ့ Product တွေအနေနဲ့ − ကိုယ်နဲ့ ရည်ရွယ်တဲ့ အသုံးပြုသူကြားမှာ Demographically, Psychographically ကွာခြားမှုတွေ Behavior အပိုင်း Need အပိုင်း ကွာခြားမှုတွေ အများကြီး ရှိနေမှာ ဖြစ်တဲ့အတွက် − User တွေ လက်ထဲရောက်ကာမှ လိုချင်တဲ့ Product Goal တွေ Business Metrics တွေကို Meet မဖြစ်နိုင်ကြတာမျိုးတွေ တွေ့ကြရပါတယ် ။
အမြင်ကောင်းဖို့ အသားပေးခံရတဲ့ Product တွေအနေနဲ့ကတော့ Boardroom Meeting တွေမှာ Present လုပ်လို့ ကောင်းသလောက် ရည်ရွယ်တဲ့ User တွေ နားလည်အောင် Data Point တွေကို မပြပေးနိုင်တာတွေ ၊ User တွေ စိတ်ထဲမှာ ကိုယ်နဲ့ related လုပ်လို့ ရတဲ့ ပုံစံ မခံစားရတာမျိုးကို ကြုံတွေ့ရလေ့ ရှိကြပါတယ် ။
Step နည်းဖို့ ကိုလဲ နေရာတကာ အသားပေးနေလို့ မရပါဘူး ။ အဆင့် ၅ ဆင့်သွားမှ သင့်တော်မဲ့ Use Case တွေက အဆင့် ၅ ဆင့် သွားရမှာပါပဲ ။ Input 12 ခုတောင်းမှ ဖြစ်မဲ့ Use Case တွေက Input 12 ခု တောင်းကို တောင်းရမှာပါပဲ ။
ဒါကြောင့် ဒီနေရာမှာ Bad UX ဆိုတာ ဘာကို ပြောတယ် ဆိုတာကို အခြေခံကျကျ နားလည်စေဖို့ စုစည်းပေးလိုက်ပါတယ် ။
၁) တစ်ဆင့် ချင်းစီ ၊ Screen တစ်ခု ချင်းစီအလိုက် User တွေ လိုအပ်မဲ့ Information တွေ Data Point တွေကို အလွယ်တကူ မသိရှိနိုင်တာ ။
၂) ဒီကနေ နောက်တဆင့် ဘာဆက်လုပ်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်တာ ။
၃) တစ်ဆင့်ချင်းစီ Screen တစ်ခုချင်းစီ သွားနေရင်း ရှေ့ဆက် မသွားနိုင်တော့ဘဲ Dead End ပုံစံကို ရောက်သွားတာ ။
၄) ပြပေးတဲ့ Error Message က သာမန်လူတစ်ယောက် ဘာဖြစ်သွားတယ် ၊ ဘာဆက်လုပ်ဖို့ လိုမယ် ဆိုတာကို နားလည်စေမဲ့ ပုံစံ မဖြစ်နေတာ ။
၅) Screen တစ်ခုချင်းစီအလိုက် စာသားတွေက ဖတ်ရပြုရခက်နေတာ ။
၆) Screen တစ်ခုချင်းစီအလိုက် ၊ အလုပ်လုပ်ပုံတစ်ခုချင်းစီအလိုက် သပ်သပ်ရပ်ရပ် စီစဥ်ထားတဲ့ ပုံစံ မပေါက်တာ ။
၇) ကိုယ်လုပ်ဖို့ လိုတဲ့ အလုပ် (Purchase, Check-in, Order, etc) ကို လုပ်နိုင်ဖို့ အာရုံမရစေတာ (အာရုံပြန့်နှံ့နေစေတာ) ။
၈) သုံးရတဲ့ တစ်ဆင့်ချင်းစီ ၊ အလုပ်လုပ်ပုံ တစ်ခုချင်းစီကိုက စိတ်ကသိကအောက် ဖြစ်စေတာ ။
၉) အသုံးပြုနေစဥ် ၊ အသုံးပြုပြီး အချိန်တွေမှာ စိတ်ထဲမှာ "လုပ်လိုက်တာကမှ ဖြစ်သွားရဲ့လား" ဆိုတဲ့ သံဿယတွေ ၊ မသေချာ မရေရာမှုတွေ ဖြစ်ပေါ်စေတာ တို့ဖြစ်ပါတယ် ။
ဒီအချက် ၉ ခုကို အသုံးပြုပြီး User Experience တစ်ခု ဆိုးမဆိုး ဆိုတာကို အခြေခံကျကျ တိုင်းတာနိုင်ပါတယ် ။ အခုလို ဖတ်နနေရင်းနဲ့ ဒီအချက် ၉ ခုထဲက တစ်ခုခုနဲ့ ကိုက်ညီမှုရှိလို့ မျက်လုံးထဲ ပေါ်လာတဲ့ (Digital) Product တွေ ရှိရင် Comment ပေးခဲ့ကြပါဦး ။